ရွှေရတု တိပိဋကဓရ ဓမ္မဘဏ္ဍာဂါရိက ဘဒ္ဒန္တဝံသပါလာလင်္ကာရဆရာတော်၏ သာသနာပြုလုပ်ငန်းကြီးအား ကြည်ညိုပူဇော်မိခြင်း
🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏
🌷 ဆဌသင်္ဂါယနာတင် ပူဇော်ပွဲကြီးတွင် အဖြေပုစ္ဆာ အရှင်မြတ်မှာ တိပိဋကဓရ ဓမ္မဘဏ္ဍာဂါရိက ဘဒ္ဒန္တဝိစိတ္တ ဆရာတော်ကြီး ဖြစ်ပြီး မိမိကဲ့သို့ တိပိဋကဓရ ဆရာတော်များ ဖြစ်ထွန်းပေါ်ပေါက်စေရန်အတွက် မင်းကွန်းမိုးမိတ်ကုန်းမြေမြတ်မဟာပေါ်တွင် တိ-နိ ကျောင်းတော်ကြီး တည်ထောင်ဖွင့်လှစ်ခဲ့ပါသည်။ နှစ်စဉ် နှစ်စဉ် တိပိဋကဓရဆရာတော် သာသနာ့အာဇာနည် ပုဂ္ဂိုလ်များ တစ်ပါးပြီး တစ်ပါး ပေါ်ထွန်းလာခဲ့ပါသည်...၊။
🌷 မင်းကွန်းဆရာတော်ကြီးတည်ထောင်ခဲ့သည့် တိ-နိ ကျောင်းတော်ကြီးတွင် ၁၃၅၉ ခုနှစ် ၊ရွှေရတု(၅၀)ကြိမ်မြောက် တိပိဋကဓရ ရွေးချယ်ရေး စာမေးပွဲ နောက်ဆုံး အဆင့် အာဂုံပြန်ဆိုမှုအောင်မြင်သော ရွှေရတုတိပိဋကဓရ မြင်းမူဆရာတော် အရှင်ဝံသပါလာလင်္ကာရပေါ်ထွန်းလာခဲ့ပါသည်။ ၁၃၄၅ ခုနှစ်တွင် ပရိယတ္တိသာသနလင်္ကာရ သာမဏေကျော်ဘွဲ့ နှင့်သာသနာ့ဓဇ ဓမ္မာစရိယဘွဲ့အသီးသီးတို့ကို ရရှိအောင်မြင်တော်မူခဲ့ပါသည်...၊။
🌷ဆရာတော်သည် မင်းကွန်းမိုးမိတ်ကုန်းမြေ တိ-နိ ကျောင်းတော်ကြီး၏ စီမံအုပ်ချုပ် မဟာနာယကဆရာတော်အဖြစ် တာဝန်ယူကာ တိပိဋကဓရ ဆရာတော်များ ဆက်လက်ပေါ်ထွန်းလာစေရေးအတွက် တိ-နိ ကျောင်းတိုက်ကြီး တစ်ခုလုံး၏ အရေးအရာကိစ္စအဝဝကိုဦးဆောင်တာဝန်ယူဆောင်ရွက်တော်မူခဲ့ပါသည်...၊။
🌷 ဂေါတမမြတ်ဗုဒ္ဓ၏ ဆန္ဒတော် ၊ တိပိဋက မင်းကွန်းဆရာတော်ကြီး၏ ဆန္ဒတော်များနှင့်အညီ ပြင်တွင်း ၊ ပြည်ပ သာသနာတည်ကြောင်း ၊ သာသနာပြန့်ပွားရေး သာသနာပြုလုပ်ငန်းများ ၊ ကျန်းမာရေး ၊ ပညာရေး ၊ လူမှုဖွံ့ဖြိုးရေးလုပ်ငန်းများ ၊ အသိအလိမ္မာ ဉာဏ်ပညာဖြစ်ထွန်းတိုးတက်ရေးလုပ်ငန်းများ လုပ်ဆောင်ရေး ဂေါတမမြတ်ဗုဒ္ဓ သာသနာမီးရှူးတိုင်ကြီးကို တစ်ပိုင်တစ်နိုင် ထွန်းညှိပူဇော်လျက်ရှိပါသည်။ တိပိဋကကျောင်းတော်ကြီးသို့ စာသင်သားအဖြစ် တက်ရောက်ရန် လျှောက်ထားလိုပါက ဓမ္မာစရိယဘွဲ့ရရှိပြီး ရဟန်းဝါ (၁၀)ဝါ မပြည့်သေးသူ ရဟန်းများလျှောက်ထားနိုင်ကြောင်း သိရပါသည်။ ဆရာတော်သည် ပြည်တွင်းမှာသာ သာသနာပြုသည်မဟုတ်ဘဲ ပြည်ပနိုင်ငံအသီးသီးသို့ ကြွရောက်သာသနာပြုတော်မူပါသည်။ ထိုင်းနိုင်ငံရှိ ဗုဒ္ဓဘာသာယုံကြည်သူအများစုက ဆရာတော်ကို အထူးလေးစားကြည်ညိုကြပြီး မိမိတို့၏ နေအိမ်နှင့် အလုပ်စက်ရုံများတွင် ဆရာတော်ပုံအား အမြတ်တနိုးကြည်ညိုချိတ်ဆွဲထားရှိကြပါသည်။ ဆရာတော်သည် ပြည်ပနိုင်ငံအသီးသီးမှ ဆရာဝန်ကြီးများ၏ ကြည်ညိုလေးစားခြင်းခံရပါသည်....၊။
🌷 စာရေးသူသည် မိခင်ကြီးကျန်းမာရေးမကောင်းသဖြင့် ဆရာတော်ထံ တင်ပြလျှောက်ထားရာ ဆရာတော်ဘုရား ပြည်ပသာသနာပြုသွားလျှင် လိုက်ပါပြီး ထိုင်းနိုင်ငံရှိဘန်ကောက်ဆေးရုံသို့ ကုသခွင့်ရရှိရေး ဆရာဝန်များနှင့် တိုင်ပင် ကူညီပေးမည်ဟု ပြောကြား၍ ဆရာတော်ဘုရား နှင့် ပြည်ပသာသနာပြု ခရီးစဉ်တွင် လိုက်ပါခွင့်ရရှိခဲ့ပါသည်။ဘန်ကောက်ဆေးရုံရှိ ဆရာဝန် ၊ သူနာပြု ဝန်ထမ်းအားလုံးမှ ဆရာတော်အား အထူးကြည်ညိုကြပါသည်။ ဆရာတော် ထိုင်းနိုင်ငံ၌ ခေတ္တသီတင်းသုံးစဉ် စက်ရုံပိုင်ရှင်သူဌေးတစ်ဦးမှ မိမိကိုယ်တိုင်စီးမည့် ကားအသစ်အား တိပိဋကဓရဆရာတော်ကိုယ်တိုင် ခေါင်းခန်းမှ စီးနင်းစေပြီး လာဘ်ဖွင့်ကုသိုလ်ယူပါသည်....၊။
🌷 ထိုင်နိုင်ငံသို့ မိမိတို့ရောက်ရှိပြီး နှစ်ရက်မြောက်နေ့တွင် ဥပုသ်နေ့ နှင့် တနင်္ဂနွေနေ့တိုက်ဆိုင်သဖြင့် ထိုင်းနိုင်ငံရောက် မြန်မာများ လူမှုကူညီရေးအသင်းအား နေ့တရားပွဲ နှင့် ခိုလပြည်နယ်အတွင်းရှိ မြန်မာအလုပ်သမား အများဆုံးရှိသည့် ပန်းကန်စက်ရုံသို့ သွားရောက်ကာ ည တရားပွဲဟောကြားခဲ့ပါသည်။ ဆရာတော် တရားပလ္လင်မတက်မီ စာရေးသူမှ ၁၅မိနစ်ခန့် နိဗ္ဗာန်ဆော် ဟောပြောခဲ့ပါသေးသည်။ အဆိုပါ အထူးတရားပွဲတွင် အခြားစက်ရုံအသီးသီးတွင် လုပ်ကိုင်နေကြသော မြန်မာအလုပ်သမားများကို တရားနာဖိတ်ကြားပြီးမြန်မာထမင်းနှင့် အာဟာရမျိုးစုံ ကျွေးမွေးကြပါသည်။ မြန်မာတရားနာ ပရိတ်သတ် ထောင်နှင့်ချီ၍ တရားနာလာရောက်ကြရာ သာသနာအတွက် ဝမ်းသာပီတိဖြစ်ရပါသည်...၊။
🌷 ဆရာတော်သည် ပြည်ပသာသနာပြု တရားပွဲများတွင် ဆရာတော်၏ တရားတော်များ နာကြားခွင့်ရ၍ ကုမ္မဏီပိုင်ရှင် သူဌေးကြီးများ ၊ အထူးကုဆရာဝန်ကြီးများ ၊ ကျန်းမာရေးဝန်ထမ်းများ ၊ အဖွဲ့အစည်းအသီးသီး နှင့် တိုင်းရင်းသားများက ဆရာတော်ဘုရားအား အထူးကြည်ညိုကြပါသည်...၊။
🌷 ဆရာတော်ငယ်စဉ်ဘဝ ငါးနှစ်သားက မျက်စိတစ်ဖက် ကျောက်ဒိုးထိမှန်ခဲ့သဖြင့် စာဝါလိုက် စာအံလိုက်၍ မျက်စိကိုသုံးရဖန်များသဖြင့် အမြင်မှုန်ဝါးလာသောကြောင့် အခြားမျက်စိတစ်ဖက်ကိုသာ အားပြုပြီး တိပိဋကဓရ ဘွဲ့တော်ကို ရရှိအောင် အာဂသတ္တိဖြင့်ဆွတ်ခူးတော်မူခဲ့ပါသည်...၊။
🌷 မိမိလို မျက်စိအားနည်းနေသူများကို ကူညီပေးလိုသည့် စိတ်ဆန္ဒဖြစ်ပေါ်ပြီး မိမိမွေးဖွားရာ ဇာတိမြေခွက်ခွင်းကျေးရွာသို့ တိုက်နယ်ဆေးရုံကြီး စတင်ထူထောင်ခဲ့ပါသည်။ဆရာတော်၏ စေတနာ မေတ္တာတရား ၊ ဆရာဝန်များ ၊ သူနာပြုဝန်ထမ်းများ၏ ကရုဏာတရားများပေါင်းစပ်၍ အနယ်နယ် အရပ်ရပ်မှ လာရောက်ကုသသော လူနာအပေါင်းတို့အားအသက်ဘေးမှ ကင်းဝေးကာ ကျန်းမာရေးသုခ အပြည့်အဝရရှိခဲ့ပါသည်...၊။
🌷 ဆရာတော်၏ ဦးဆောင်မှုကောင်းခြင်း ၊ စိတ်ရင်းစေတနာကောင်းခြင်း ၊ မေတ္တာတရားရှေ့ထားခြင်း ၊ ကျန်းမာရေးရှေးရှုသော လုပ်ငန်းကြီးဖြစ်သဖြင့် ပြည်တွင်း ပြည်ပ အသီးသီးမှ ကုသိုလ်ရှင် ၊ စေတနာရှင်မျာ၏ သဒ္ဓါတရားအပြည့် လှူဒါန်းပါဝင်မှုကြောင့် မန္တလေး-မုံရွာလမ်းဘေးတွင် မြင်းမူ-ထီးဆောင်း ရွှေရတုတိပိဋက စက္ခုပါလကုသိုလ်ဖြစ် မျက်စိဆေးရုံကြီးကို တည်ထောင်တော်မူခဲ့ပါသည်။ ပြည်ပအထူးကုဆရာဝန်ကြီးများမှ မကြာ မကြာ လာရောက်၍ မျက်စိခွဲစိတ်ကုသပေးခြင်း ၊ ပြည်တွင်းမှ အထူးကုဆရာဝန်ကြီးများ ၊ သူနာပြုများ၊ ကျန်းမာရေးဝန်ထမ်းများမှလည်း စေတနာ ၊ မေတ္တာရှေ့ထား၍ ဆရာတော်ဘုရားကြီး ၏ကျန်းမာရေးလုပ်ငန်းများအား ပါရမီဖြည့်ဆည်းပေးနေကြပါသည်။ ယခုအခါ မျက်စိဝေဒနာရှင်အပေါင်း သိန်းသောင်းမက မျက်စိအလင်းရကာ ကျန်းမာရေးသုခများ ခံစားရ၍ အကျိုးများလျက်ရှိပါသည်..၊။
🌷 စာရေးသူတို့ မိသားစုအားလုံးက ဆရာတော်၏ သာသနာပြုလုပ်ငန်းများကို ကြည်ညိုသဖြင့် နှစ်စဉ်ဆရာတော်၏ မွေးနေ့အကြိုရက်ဖြစ်သည့် တန်ဆောင်မုန်းလဆန်း(၉)ရက်တွင်ထာဝရဆွမ်းပဒေသာပင် နှစ်စဉ်လှူဒါန်းခွင့် အခွင့်အရေးကို ရရှိခဲ့ပါသည်။ ဆရာတော်၏သက်တော် (၅၃) နှစ်ပြည့် ဝိဇာတမွေးနေ့ပူဇာ (၁၆) ကြိမ်မြောက် သိက္ခာထပ်အလှူရှင်များမှာ၁၇၂ ဦး ရှိပြီး စာရေးသူမိသားစုမှ စဉ် (၁၅၅) ဖြင့် ဆရာတော်အား သိက္ခာထပ်ခွင့် ကုသိုလ်ထူးရရှိခဲ့ပါသည်...၊။
🌷 ဆရာတော်၏ မျက်နှာတော်မှာ အမြဲပြုံးရွှင်နေပြီး မိမိထံ လာရောက်ဖူးမြော်သူ ဒါယကာ ၊ဒါယိကာမ အပေါင်းတို့အား အယုတ်အလတ်အမြတ်မရွေး ၊ ဆင်းရဲချမ်းသာမရွေး ဖော်ရွေစွာ နှုတ်ဆက်ပြီး ကိုးကွယ်သည့် ဒါယကာ ၊ ဒါယိကာမ အပေါင်းအား မေတ္တာရှေ့ထားဆက်ဆံပြောကြားလေ့ရှိပါသည်...၊။
🌷 ဆရာတော်၏ သဘောထား နှင့် သြဝါဒမှာ....
ဆရာတော်သည် တွေ့ကြုံဆုံဆည်းသူ အားလုံးအပေါ် မေတ္တာဖြင့် ဆက်ဆံသည်။ ဘယ်သောအခါမှ ဘယ်သူ့ကိုမှ အပြစ်မတင်တတ် ၊ အကူအညီ တောင်းလာသူအားလည်း လိုအပ်သည်များကို ပြည့်ဝအောင် ဆောင်ရွက်ပေးတတ်သည်။ အကူအညီမတောင်းရဲ၍ မတောင်းဘဲနေသူများအား သူတို့လိုအပ်သော အရာများကို မိမိက ပေးချင်၍ ယူမလားဟု မေးပြီး ပေးတတ်သည်။ စာဝါပို့ချရာတွင်လည်း ဦးပဉ္ဇင်းရေ အချိန်ရတုန်း စာလုပ်ထားရအောင်ဘုရားနားလည်ထားတော့ ကျက်ရုံပဲပေါ့ဘုရား ဟု ပြောပြီး စာသင်ပေးပါတယ်။ ဆရာတော်သည်မေတ္တာရှင် မဟတ္တမဂန္ဓီလို ကိုယ့်အတွက်ထက်ပိုပြီး တစ်ဖက်သားအတွက် ငဲ့ညှာနိုင်တဲ့သတ္တိရှိသူဖြစ်ပါတယ်...၊။
🌷 ဆရာတော်ဘုရား၏ မွေးနေ့ပွဲရက် တန်ဆောင်မုန်းလဆန်း(၁၀) ရက် နေ့ ရောက်တိုင်းမြန်မာပြည်အရပ်ရပ်မှ ဒါယကာ ၊ ဒါယိကာမများ ၊ တိုင်းရင်းသားအသင်းအဖွဲ့များမှ တိ-နိကျောင်းတော်ကြီးရှိ ဆရာတော်ထံသို့ အသီးသီးလာရောက်ပူဇော်ကြပါသည်။ ဆရာတော်မှရိုးရာမုန့်များ ၊ ဒေသထွက် အစားအစာများကို ကျွေးမွေး၍ အာဟာရကုသိုလ်ပြုသည့်မြင်ကွင်းများကို တွေးမြင်ရသူတိုင်း ဝမ်းသာပီတိ ဖြစ်မိပါသည်..၊။
🌷 ဆရာတော်၏ သာသနာပြုလုပ်ငန်းများ ၊ ကျန်းမာရေးလုပ်ငန်းများ အား နေ့ညမပြတ်စေတနာ ၊ မေတ္တာ ၊ ကရုဏာရှေ့ထား၍ ဆောင်ရွက်မှုများသည် တစ်နေ့ထက်တစ်နေ့အဆက်မပြတ် အောင်မြင်တိုးတက်စည်ပင်လျက်ရှိပါသည် ဘုရား ။ ဆရာတော်၏ မွေးနေ့(၅၃) နှစ်ပြည့် ဝိဇာတမွေးနေ့မှသည် နောင်နှစ်ပေါင်းများစွာ အသက်ရာကျော်ရှည်ပါစေ။အမျိုးဘာသာ သာသနာအကျိုးကို ဆတက်ထမ်းပိုး သယ်ပိုးဆောင်ရွက်နိုင်ပါစေလို့ ရင်ထဲအသည်းထဲက လှိုက်လှိုက်လှဲလှဲ ကြည်ညိုပြီး အကြိမ်ကြိမ်း ဦးခိုက်ပူဇော်ရပါသည်ဘုရား...၊။
🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏
ယူတီဇတ်
(ရှေ့နေမောင်မောင်ညို ရေးသားသည့် (၁၁-၁၂-၂၀၁၈) ရက်နေ့ ထုတ် မန္တလေး နေ့စဉ်သတင်းစာမှ ကူးယူဖော်ပြသည်)
Comments